စာရေးသူ၏
အမည်မှာ စိုးညွန့်ဆွေလို့ ခေါ်ပါသည်။ စာရေးချင်သည့် စိတ်က ယခုအသက် ၃၀ ပြည့်ခါနီး
အရွယ်မှာချင်ခြင်းတက်လာခဲ့သည်။စာရေးသူ ငယ်စဉ် ကတည်းက အကျင့်တခုရှိခဲ့သည်။
ဘယ်အရာကို မဆိုလုပ်ကြည့်ချင်သည်။ လုပ်တတ်ချင်သည်။ အလယ်လောက်ရောက်လျှင် ဆက်မလုပ်တော့ပါ။
ထို့ကြောင့် ဘယ်ပညာမှ ကောင်းကောင်းမတတ်ပါ။ ထို့အပြင် လုပ်လက်စအလုပ်ကို ဘယ်တော့မှ
အဆုံးမသတ်တတ်ပါ။ ပျော်ရွှင်စရာ၊ စိတ်ညစ်စရာ တို့ဖြင့်ဘ၀ကိုဖြတ်သန်းလာခဲ့ ပြီး
အတွေးတခုပေါ် လာခဲ့သည်။ အင်တာနက်ခေတ်မှာ လေ့လာစရာတွေ မြောက်များစွာ ရှိသည်ဟု
သူငယ်ချင်း တဦးက ပြောသောစကားသံဖြင့် laptop ကလေးတလုံး ၀ယ်ပြီးလေ့လာကြည့်သည်။ ဟိုက်ရှားပါးဟုပင် အံ့သြရလောက်အောင်
လေ့လာစရာမှတ်သားစရာတွေများပြားလှပါသည်။ လေ့လာကြည့်ပါသည်။
နည်းပညာများစွာရှိသည့်အထဲမှ ပညာရှင်တို့ပြောသော အခြေခံလေးတွေကိုလိုက်လေ့လာ ကြည့်မိပါသည်။
ငယ်စဉ်ကတည်းက ဘာမှဆုံးအောင်မလုပ်ခဲ့သူတယောက်အတွက် ပညာရှင် တို့ ပြောသော အခြေခံမှာ
စာရေးသူ အတွက်တော့ လက်လျှော့စရာများသာဖြစ်ခဲ့ပါသည်။ မနေ့ညက
အိပ်ရာဝင်ခါနီး စဉ်းစားမိပါသည်။ “ငါဘာလုပ်ရင် ကောင်းမလဲ”ဆိုသော အတွေးတွေးမိသောအခါ
ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါ။ ထို့နောက်မိမိကိုယ်မိမိမေးကြည့်လိုက်ပါသည်။
“မင်းဘာလုပ်ခဲ့ သလဲ”ဟူသောအမေးကို မေးမိသောအခါ စာရေးသူဘာမှမလုပ်ခဲ့ရသေးပါ။
ဘယ်သူ့အတွက်ဘာတခုမှ လုပ်ပေးဖို့ဝေးစွ မိမိကိုယ်မိမိပင် ဘာမှလုပ်မပေးခဲ့ရသေးပါ။
တဆက်တည်းမှာဆက်ပြီး အတွေးပေါင်းမြောက်များစွာတို့ ခေါင်းထဲသို့စီတန်းပြီး
ရောက်ရှိလာပါတော့သည်။ ထို အတွေးပေါင်းမြောက်များစွာတို့ထဲမှ စာရေးသူဆုံးအောင်လုပ်နိုင်လိမ့်မည်ဟုထင်မိသော
အကြောင်းအရာ တခု ကိုရွေးချယ်လိုက်ပါသည်။
စာရေးသူနိဒါန်းတွင်ပြောခဲ့သော
လုပ်နိုင်လိမ့်မည်ထင်သောအလုပ်ကို ရွေးချယ် ရခြင်းအကြောင်းရင်းမှာ
…စာရေးဆရာကြီးဦးသုခရဲ့ ”သင်ဖွားသောပြည် သင်တို့ မြေ၀ယ် သင်၏မျိုးသားစာစကားလည်း
အခြေ တိုးမြှင့် ကျန်ကောင်းသင့်၏”ဟူသောစာ စကားအတိုင်း လူတယောက် ဖြစ်လာလျှင်
ထိုလူသည် သူ၏ ပတ်ဝန်းကျင်တွင် ဘယ်လောက်ထိလုပ်နိုင်ခဲ့သည်…ဟု သူ၏ပတ်ဝန်းကျင်မှ
လူသားအပေါင်းက သူ၏ တန်ဖိုးကို ပိုင်းဖြတ်လိမ့်မည်။ တဖန် ထိုသူသေလျှင်သော်မှ
ထိုသူ၏တန်ဘိုးဆက် ရှိနေလိမ့်မည်ဟု စာရေးသူ ကြားဖူးနားဝရှိခဲ့ဘူးသည်။ ထို့ကြောင့်
စာရေးသူ ဆန္ဒဖြစ်မိပါသည်။ ကြားဖူးနားဝရှိခဲ့သော ထိုအမှန်တရားကို ယုံကြည်မိပါသည်။
အကောင်အထည်ဖေါ်ရန်အတွက် ဆက်လက်ပြီးလုပ်ချင်စိတ် လည်း ပြင်းပြမိပါသည်။
သို့သော်ငြားလည်း
ခက်နေသည်မှာ စာရေးသူ ဘာပညာမှမတတ်ပါ။ ထို့အတူ ပိုင်ဆိုင်သည့်ဥစ္စာမှာ လည်း passport
စာအုပ်တအုပ်နှင့် ကျောပိုးအိတ်တလုံးသာပိုင်ဆိုင်ထားပါသည်။ အလုပ်တခုကိုပြီး ဆုံးအောင်လည်းမလုပ်ခဲ့ဘူးသူတယောက်အတွက်
တိုင်းပြည်၊ လူုမျိုး ၊ ဘာသာ၊ သာသနာနှင့်လူအဖွဲ့ အစည်းကောင်းကျိုးကိုစွမ်းဆောင်နိုင်ဖို့ရာအလွန်အင်မတန်ခက်ခဲလှပါသည်။
ထို့ကြောင့် စာရေးသူအနေနှင့် မိမိ၏လုပ်နိုင် လောက်သည့် မိမိ၏အတွေးအခေါ်ကို
မိမိ၏ပတ်ဝန်းကျင်မှ လူနည်းစု သူငယ်ချင်းများ ၊စာရေးသူ၏ မိသားစု၊ စာရေးသူ၏နောက်လာမည့်မျိုးဆက်တို့အတွက်သာတစိုက် မတ်မတ်စာရေးခြင်းဖြင့်သာအကျိုးပြုခြင်းဖြင့်လုပ်ဆောင်တော့မည်ဟုသံဓိဋ္ဌာန်ချမိပါသည်။
ထို့နောက်တွင်
အခက်အခဲတခုကခေါင်းထဲသို့ ထပ်မံပြီးဝင်ရောက်လာပြန်တော့သည်။ အကြောင်းမှာ
ဘယ်လိုဝေမျှရလျှင် မိမိရဲ့ အတွေးများ သူတပါးဆီသို့ရောက်နိုင်လိမ့်မည်နည်း။
မိမိလုပ်ခဲ့သော အလုပ်များကို ဘယ်လိုသိမ်းဆည်း၍ နောင်လာမည့်မျိုးဆက်တို့ကို ပေးဝေမည်နည်း။
စာရေးသူမလုပ် တတ်သည့် အရာများဖြစ်၍ အားငယ်မှုနှင့်ရှက်ရွံ့မှုတို့
ကိုတပြိုင်နက်ခံစားခဲ့ရပါသည်။ ထို့ကြောင့် စာရေးသူ ယုံကြည်ရလောက်သော သူငယ်ချင်း၏
ဝက်ဘ်ဆိုဒ်တွင် ရေးသားပေးမည်ဟုသာ ဆုံးဖြတ်လိုက် ပါသည်။ ဆက်၍ပြောချင်သည်မှာ
စာရေးသူရေးချင်သည့် စာများသည် မိမိ၏ ရင်ထဲနှလုံးသားထဲမှ စကားများကိုရင်ဆိုင်ခဲ့ရသော
ဘ၀၏အခက်အခဲ နှင့်ယှဉ်၍ ကောင်းမကောင်းခွဲခြမ်းစိတ်ဖြာ၍ သာရေးသားပါမည်။ စာဖတ်သူ
အနေဖြင့်အစီအငေါ်မတည့်ခဲ့လျှင် စာရေးသူ၏ ပညာအရည်အချင်း မပြည့်မှီ၍သာဖြစ်ရပါသည်။
စာဖတ်သူအနေဖြင့် သဘောထား မတိုက်ဆိုင် ပါကလည်း နားလည် ခွင့်လွှတ်ပေးစေလိုပါသည်။
စာရေးသူ၏ စာကိုဖတ်လိုက်ရ၍ အကျိုးတစုံတရာ မဖြစ်ထွန်းခဲ့ပါလျှင်လည်း စာဖတ်သူ ကုန်ဆုံးသွားသည့်
အချိန်ကာလလေးတခုအတွက် အမြဲတောင်းပန်နေပါမည် ဟု…စာရေးသူဆက်လက်၍ပြောလိုသည်မှာ
စာရေးသူရေးသားမည့် စာတိုလေးများသည် နောင်လာမည့် စာရေးသူ၏ မျိုးဆက်၊ စာရေးသူ
မိသားစု ၊သူငယ်ချင်းအပေါင်းတို့အား စာရေးသူ တွေးခဲ့သော အတွေးလေးများကို သိစေခြင်းသာဖြစ်ပါ သည်။
ကောင်းကျိုးတစုံတရာ ရရှိခဲ့မည် ဆိုလျှင် အလွန်ပင် ၀မ်းသာပီတိဖြစ်ရပါသည်။ ဆက်လက်၍
စာေ၇းသူရေးမည်ဟူသော စာသည် ၀ထ္တုလား ကဗျာလား ဆောင်းပါးလား
လူသားအကျိုးပြုစာပေလား သေသေချာချာဖြင့် မပြောတတ်သေးပါ။ သို့သော်ငြား စာရေးသူ စာရေးခြင်းဖြင့်
အသက်မွေးဝမ်းကျောင်း ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ် ပါကြောင်းနှင့် စာရေးသူ၏စာများကို
ဘယ်သူမဆို နှစ်သက်သည်၊ သဘောထားတိုက်ဆိုင်မည်ဆိုပါက နှစ်သက်သူ၏
အမည်နာမဖြင့်လည်းကောင်းလိုအပ်သလို အသုံချနိုင်ပါသည်။
လူသားတိုင်းအောင်မြင်ချင်ကြသည်။
အောင်မြင်မှုမြောက်မြားစွာတို့ဖြင့် ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းချင် ကြသည်။ အောင်မြင်မှုတစုံတရာရရှိနိုင်ဖို့ရာ
တွင် မိမိဘာလိုချင်သည် ၊ ဘာလုပ်ချင်သည် ၊ဘာဖြစ်ချင် သည် စသည်အားဖြင့်
ဖြစ်ချင်သောဆန္ဒ။ ထို့နောက်တွင် ဘယ်ထိအောင်လုပ်မည်ဟူသော
ရည်ရွယ် ချက်၊ လုပ်နိုင်သော ၀ိရိယ၊ ကျိုးကြောင်းဆက်နွယ်သော ကံတရားနှင့်ဥာဏ်အမြော်အမြင် အားလုံးပေါင်း စပ်မှသာလျှင်
မိမိ၏ပန်းတိုင်သို့ လှမ်းကိုင်နိုင်မည်ဖြစ်သည်။ ထိုသို့အောင်မြင်ရန်အတွက်ကြိုးစားခြင်းအဖို့ မှာ
မိမိလုပ်နိုင်သောအလုပ်ကို လုပ်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်နှင့်တပြိုင်နက်စတင် ရပေတော့မည်။
ထိုနည်းတူစွာ သေးသေးဖွဲဖွဲကိစ္စလေးများသည်လည်း စတင်၍သာ လုပ်ဆောင်ကြရ သည်။ စတင်၍
လုပ်ဆောင်မှသာလျှင် ပြီးမြောက်ခြင်းပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင်
စတင်၍လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက် သော်ငြား အချို့သောသူတို့သည်
အချိန်အခါကိုရွေး တတ်ကြသည်။ တော်တော်ကြာမှလုပ်တော့မယ်၊ ငါ့အကြံကို
အချိန်ကောင်းစောင့်ပြီးလုပ်လျှင် ပိုအောင်မြင်နိုင်မယ်ထင်တယ်၊
နောက်လမှစပြီးလုပ်တော့မယ်။ ဘယ်နှစ်ရောက်ရင်ငါလုပ်မဲ့အလုပ်နဲ့ အဆင်ပြေနိုင်တယ် စသည်အားဖြင့်
အချိန်အခါကိုအမျိုးမျိုးသော အကြောင်းပြချက်တို့ဖြင့်သာ အချိန်ယူ တတ်ကြသည်။ တကယ်ဆိုလျှင်
ထိုသို့သော အကြောင်းပြချက်တို့သည် မိမိလုပ်မည့်အလုပ်အား မအောင်မြင်
မပြီးမြောက်စေရန် ရှေ့မှပြန်တွန်းထားသော အတားဆီးတခုသာလျှင်ဖြစ်ပေသည်။
ပျင်းရိခြင်း လည်းဖြစ် သည်ဟုစာရေးသူယူဆပါသည်။ စာရေးသူစတင်၍လူမှန်းသိတတ်စအရွယ်မှသည်
ယခုတိုင် ထိုအကျင့်တခုရှိနေပါသေးသည်။ ကြာလာသည်နှင့်အမျှ ထိုအကျင့်သည်
ဖျောက်ဖျက်၍မရ နိုင်လောက်အောင် စွဲကပ်လာခဲ့ရပါသည်။ နိဒါန်းတွင် စာရေးသူဆိုခဲ့သည့်
အတိုင်းစာရေးသူ၏ဘ၀တွင် လည်း ထိုကဲ့သို့ အမှားများစွာကို ပြုလုပ်ခဲ့မိပါသည်။ ထိုသို့ပြုလုပ်ခဲ့သည့်
အမှားများစွာသည် မိမိ အသက်ကြီးလာသည်နှင့်အတူ နောင်တများစွာကို ဖြစ်စေပါသည်။ စာေ၇းသူ
ငယ်စဉ်ကျောင်းတက်ခါစ အရွယ်မှ ယခုတိုင် မှားယွင်းစွာပြုလုပ်ခဲ့သည်များမှ
အကြီးမားဆုံး နောင်တရစရာ တခုကိုတင်ပြပေးပါမညိ။
စာရေးသူ ၇
နှစ်သားအရွယ် ကျောင်းတက်စအချိန်တွင် ဒုတိယတန်းတွင် ဆုတကြိမ်ရခဲ့ဖူးပါသည်။ ထိုဆုသည်
စာရေးသူအသက် ၃၀ တိုင်အောင် အထူးပြုခံခဲ့ရသည့် တကြိမ်တည်းသော
အမှတ်ရစရာဖြစ်ခဲ့ပါသည်။ စာရေးသူ မိမိကိုယ်မိမိအထင်ကြီးမိပါသည်။ နောက်၃တန်းရောက်ချိန်တွင်
စာမေးပွဲကိုအောင်ရန်ပင် အလွန်ကြိုးစားခဲ့ရပါသည်။ ထိုအချိန်တွင်
စာရေးသူ၏မေမေဆူပါတော့သည်။ ဘာလို့မနှစ်ကဆုရတယ်။ ဒီနှစ်တော်မလာပဲ
ဘိတ်ချေးသာဖြစ်ခဲ့သည့်အတွက်ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော်မေမေ့ကို ဆင်ခြေပေးဖြစ်ခဲ့ပါသည်။
နောက်နှစ်မေမေကြည့်နေလိုက်ပါ။ သားဆု ရအောင်ကြိုးစားပါမည် ဟူသောစကားပါ။ ထို့နောက်တွင်စာရေးသူ
မဖြစ်ခဲ့ပါ။ သို့သော် နောက်နှစ် များစွာမှာပင်လျှင် စာရေးသူဘာမှမဖြစ်ခဲ့ပါ။
ယခုချိန်ထိဘာမှမဖြစ်ခဲ့ပါသည်။ စာရေးသူတင်ပြလိုသည်မှာ ဒီနှစ်တော့မဖြစ်နိုင်တော့ပါဘူး။
နောက်နှစ်ရောက်မှပင် စတင်၍ ဖြစ်အောင်လုပ် မည်။ တော်အောင် လုပ်မည်
စသည့်ဆင်ခြေများဖြင့်ဘ၀ကိုဖြတ်သန်းလာခဲ့ရင်း ဘာတခုမှ မဖြစ်မြောက်တော့ပါ။
ထို့အပြင် စာရေးသူအကျင့်မှာ အချိန်အခါကိုရွေးချယ်တတ်ပါသည်။ ဥပမာပြောရ လျှင် ဖျောက်ဖျက်၍ မရနိုင်လောက်သော
မကောင်းမှုတခုကို အချိန်အခါရွေး၍ ဖြတ်တောက်ခဲ့ သည်မှာယခုချိန်တိုင်အောင်
မဖျောက်နိုင်သေးပါ။ ၎င်းမှာ ကွမ်းစားခြင်းဖြစ်ပါသည်။ ကွမ်းကို လွန်ခဲ့သည့်၁၃နှစ်မှ
စတင်၍စား တတ်ခဲ့ပါသည်။ ယခု၂၀၁၂ခုနှစ် ၁လပိုင်း ၁ရက်နေ့တွင် ၂၆ကြိမ်ထက်မနည်း
မစားတော့ရန် ဆုံးဖြတ် ချက်ချခဲ့ပါသည်။ သို့သော် မရခဲ့ပါ။ နောက်နောင်တွင်လည်း
ထိုကဲ့သို့ ဆက်လက်၍ ဖြတ်တောက် ကြည့်နေဦး မည်သာဖြစ်ပါသည်။ ထိုကဲ့သို့ဥပမာဖြင့်
စာဖတ်သူတို့အား သိစေချင်သည့် ရည်ရွယ်ချက် မှာ အလုပ်တခုကိုလုပ်တော့မည်ဟု
ဆုံးဖြတ်ချက်ချပြီးသည်နှင့်တပြိုင်နက် ယခုချက်ခြင်း စတင်၍ အကောင်အထည်ဖေါ်ခြင်းသည်
အချိန်အခါကို စောင့်ဆိုင်း၍ အကောင်အထည်ဖေါ်ခြင်းထက် ရည်ရွယ်ချက်ပန်းတိုင်သို့
မြန်ဆန်စွာဖြင့် ရောက်ရှိနိုင်လိမ့်မည်ဟု စာရေးသူယုံကြည်မိပါသည်။ ထို့အတူ
အချိန်အခါကိုစောင့်ဆိုင်း၍ပြုလုပ်ခြင်းသည် တန်ဖိုးရှိသောအချိန်တို့ကို
ဖြုန်းတီးရာရောက်နေပါလိမ့်မည်။
နိဂုံးချုပ်ရသော်
စာဖတ်သူအနေဖြင့် ကျွန်တော်၏စာတိုလေးအားဖတ်ပြီး မိမိ၏ရည်ရွယ်ချက်အတိုင်း
ယခုပင်လျှင်စတင်၍ အကောင်အထည် ဖေါ်စေလိုပါသည်။ အချိန်အခါကို ဘယ်သောအခါမှ
မရွေးချယ်ပါနှင့်။ လက်ရှိပိုင်ဆိုင်နေသောအချိန်သာလျှင် နက္ခတ်ကောင်းတို့စုဝေးရာ အချိန်ခါဖြစ်ပါသည်။
စာရေးသူ၏ နောင်တကိုနမူနာယူ၍ အလုပ်တခုကို ပြီးမြောက်အောင်လုပ်စေချင်ပါသည်။
မိမိလုပ်မည်ဟု ဆုံးဖြတ်ထားသောအလုပ် ယခုပင်စတင်လိုက်ပါဟု
…….မှာကြားရင်းဖြင့်အဆုံးသတ်ပါရစေ။
No comments:
Post a Comment