အားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

အားလုံးကိုမေသူ(မိတ္ထီလာ)မှနွေးထွေးပျူငှာစွာကြိုဆိုပါသည်။

Thursday, July 12, 2012

ကျွန်မသဘောကျသော စာသားအချို့

  ယခုတင်သောစာသားများမှာ ကျွန်မကြိုက်နှစ်သက်သော စာသားများဖြစ်သကဲ့သို့ စာဖတ်မိတ်ဆွေများလည်း ထိုစာသားများထဲမှ အတုယုဖွယ်များ၊မှတ်သားစရာများရရှိစေရန် ကျွန်မဖတ်ရှုခဲ့ရသောစာများထဲမှ ကျွန်မကြိုက်နှစ်သက်သော စာသားအချို့ကို တင်ပြပေးခြင်းဖြစ်ပါသည်။

၁။ "ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် ဥာဏ်ရည်ထက်၏။"

၂။ "ဘ၀ဆိုတာDVDတစ်ချပ်မဟုတ်တော့ ကိုယ်မကြိုက်တဲ့ အခန်းတွေကိုကျော်သွားလို့မရဘူး။"

၃။ "သင့်ဘ၀မှာ လူတစ်ယောက်ကို ဘယ်တော့မှ အပြစ်မတင်မိပါစေနဲ့............
     ကောင်းတဲ့လူတွေဟာ သင့်ကို ပျော်ရွှင်မှုတွေပေးတယ်.............
     ဆိုးတဲ့လူတွေဟာ သင့်ကို အတွေ့အကြုံတွေပေးတယ်.............
     ပိုကောင်းတဲ့လူတွေဟာ သင့်ကို အမှတ်ရစရာတွေပေးနိုင်ပြီး.......
     ပိုဆိုးတဲ့လူတွေဟာ သင့်ကို သင်ခန်းစာပေးနိုင်ပါတယ်................."

၎။ "ကတိသစ္စာ၊ တည်သောခါ၌၊
      သြဇာလေးနက်၊ ပေါ်စီတက်၍၊
     နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"(ရှင်မဟာသီလ၀ံသ)

၅။ ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ပျက်စီးခြင်းသာလျင် အဆုံးရှိသည်ဖြစ်၍ မမေ့မလျော့           မပေါ့မဆသည့် သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပေလော့။

Wednesday, July 11, 2012

'ကျွန်မဘလော့ဂ်၏စာမျက်နှာအစ’



'ကျွန်မဘလော့ဂ်၏စာမျက်နှာအစ’

ကျွန်မ၏နာမည်မှာမေလွင်ခိုင်ဟုခေါ်ပါသည်။ ကျွန်မ၏ မိဘများ၊ဆွေမျိုး များ နှင့် အရင်းနှီးဆုံးသူငယ်ချင်း မိတ်ဆွေများ အားလုံးကတော့ ကျွန်မကိုသဲသဲ (သို့)မေသူ ဟုခေါ်ကြပါသည်။ ကျွန်မတွင်မိသားစု(၄)ယောက်ရှိပါသည်။ ကျွန်မ၏ မိသားစု ၀င်များမှာ-ကျွန်မကိုတံတိုင်းကြီးသဖွယ် အမြဲကာကွယ်စောင့်ရှောက်ပေးတတ်သော ကျွန်မ၏ဖေဖေ၊ မိမိ၏သားမီးကို အမြဲတမ်းပဲ့ပြင်ဆုံးမလမ်း ညွှန်ပြသ စိတ်ဓာတ်ခွန်အားများပေးတတ်သော ကျွန်မ၏မေမေ နှင့် ကျွန်မ၏တစ်ဦး တည်းသော ချစ်ညီမလေး တို့ ဖြစ်ကြ ပါသည်။ ကျွန်မကို ပညာတတ် တစ်ယောက်ဖြစ် အောင်ပြု စုပျိုးထောင်ပေး ခဲ့သော ကျွန်မ ၏ ဖေဖေ၊မေမေနှင့် ကျွန်မ လိုအပ်သမျှကိုသားသမီးအရင်း တစ်ယောက်ကဲ့သို့ အစစ အရာရာကူ ညီပံပိုးပေးခဲ့သောနေပြည်တော်မှ ကျွန်မ၏ ဦးလေးနှင့် အဒေါ်အားလည်းကောင်း၊ ရန်ကုန်မြို့မှ ဦးလေးနှင့်အဒေါ်အားလည်းကောင်း၊ မိတ္ထီလာမြို့မှ ဘိုးဘိုး၊ဘွားဘွား နှင့် ဦးလေး၊အဒေါ် တို့အားလုံးတို့ အား လည်းကောင်း၊ ကျွန်မအားယခုလိုမဟာဘွဲ့ရစေရန် အများဆုံးဖေးမကူညီပေးခဲ့သော ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာငြိမ်းအေး၊ ကျွန်မ၏ supervisor ဆရာမ ဒေါက်တာစိုးယုမော်၊ သင်တန်းမှူး ဒေါက်တာလှိုင်ဖြူဖြူမွန် နှင့် ကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ဆရာမများအားလည်းကောင်း၊ကျွန်မဘွဲ့ယူသည့်နှစ်တိုင်း ၀တ်စုံဆင်မြန်းပေးခဲ့သော  မိတ္ထီလာမြို့ မှ အန်တီထိုက်နှင့် အန်တီသိုက် ‘May Htike Fashion’တို့အား လည်းကောင်းကျွန်မ၏ ဘလော့ဂ်စာမျက်နှာမှတဆင့် ဦးချဂါရ၀ပြုပါကြောင်း ဦးစွာ ပထမ ကျွန်မ ရေးသားလိုက်ပါသည်။

ယခုကျွန်မရေးသားသောစာသားများတွင် အမှားအယွင်းများ၊ အစီအစဉ် မကျနမှုများပါရှိပါက သည်းခံခွင့်လွှတ်နား လည်ပေးကြပါရန် ဦးစွာပထမတောင်းပန်အပ်ပါသည်။ ကျွန်မသည်ဘလော့ဂ် အကြောင်းကိုယခုမှ စတင်လေ့လာနေသောသူ တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ၏ဘလော့ဂ် စာမျက်နှာတွင် လိုအပ်ချက်များစွာရှိနေမည်ဖြစ်ပါသည်။ ထို့အတွက်လည်း နားလည်ပေးကြပါ ရန် တောင်းပန်အပ်ပါသည်။ ကျွန်ရေးသားမည့် ဘလော့ဂ် စာမျက်နှာတွင် ကျွန်မကိုယ်တိုင်ရေးသားမည့် အကြောင်းအရာများအပြင် ကျွန်မ၏ မိတ်ဆွေသူငယ်ချင်းတစ်ဦးမှ ကူညီပေးပို့ပေးသော စာများ၊ကဗျာများ ကိုလည်း ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပါသည်။ ထိုသူငယ်ချင်းမှာ- ကျွန်မကို အစ်ကို တစ်ယောက်ကဲ့သို့ ဆုံးမစကားများပြောဆိုတတ်ပြီး ကျွန်မဘလော့ဂ်ပြုလုပ်ရန်အတွက် လိုအပ်သောစာအုပ်များကို download ကူညီဆွဲပြီးပေးပို့ပေးခဲ့သော သူတစ်ယောက် လည်းဖြစ်ပါသည်။ ထိုသို့နည်းတူ ကျွန်မအားကွန်ပျူတာနှင့် ပတ်သက်သောအကူအညီများကိုပေးခဲ့သောမိတ်ဆွေများ လည်းရှိခဲ့ပါသည်။ ထိုကြောင့် ကျွန်မအား ဘလော့ဂ်ရေးရန် တိုက်တွန်းပေးခဲ့သော ထိုသူငယ်ချင်းနှင့် ကျွန်မအား ကွန်ပျူတာ ပညာနှင့်ပတ်သက်ပြီး အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပေးခဲ့ကြသော မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်မ ၏ဘလော့ဂ်စာမျက်နှာမှ တဆင့်ပြောကြားလိုက်ပါသည်။
ကျွန်မရေးသားမည့်စာသားများအား ဝေဖန်သုံးသပ်ကာ အကြံဥာဏ်များ ပေးခဲ့ပေးကြပါရန် ဦးစွာ ပထမပြောကြားလိုပါသည်။ ကျွန်မ၏ ဘလော့ဂ်စာမျက်နှာကို ဖတ်ကြမည့်သူများ ရသပေါင်းစုံ ခံစားနိုင်စေရန်အတွက် ကျွန်မ၏ဘလော့ဂ်တွင် မိမိရေးသားတင်ပြလိုသည့်စာများ၊ ကဗျာများ၊ ဆောင်းပါး များ အစရှိသည်တို့ကို ပါဝင်တင်ပြလိုသည်ဆိုပါက ကျွန်မ၏မေးလ် လိပ်စာသို့ ပေးပို့နိုင်ပါသည်။ ထိုပေးပို့ပေးသောစာများ၊ ကဗျာများ၊ ဆောင်းပါးများအစရှိသည်တို့ကို စာရေးသူတို့၏ အမည်ဖြင့် သာ ကျွန်မဖော်ပြပေးပါမည်။ ထိုစာရေးသူများ၏ စာတို့ကို ကျွန်မ၏အမည်သုံးစွဲပြီးဖော်ပြပေးမည်မဟုတ်ပါ။ စာရေးသူတို့၏ အမည်များဖြင့်သာ ဖော်ပြပေးမည်ဖြစ်ပါသည်။ စာရေးသူနေရာတွင် မိမိတို့ နှစ်သက်သည့် အမည်ဖြင့်ရေးသားပေးပို့နိုင်ပါသည်။ ထိုပေးပို့လာသောစာများကို ကျွန်မသူငယ်ချင်း၏စာများကိုတင်ပေး သကဲ့သို့တင်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတင်ပြလို သည့် အကြောင်းအရာများကို ရေးသားပြုစု လိုသော ၀ါသနာရှင် သူငယ်ချင်းမိတ်ဆွေများအားလုံး ကျွန်မ၏ဘလော့ဂ်စာမျက်နှာတွင် ပါဝင်နိုင်ကြောင်း အသိပေးအပ်ပါသည်။
ထိုကဲ့သို့ ကျွန်မ၏ ဘလော့ဂ်စာမျက်နှာတွင် ပါဝင်နိုင်ကြောင်း ပြောဆိုခြင်းမှာ ကျွန်မသည်လည်း စာရေးခြင်းနှင့် အနုပညာကိုဝါသနာပါသူ တစ်ယောက်ဖြစ်ပါသည်။ ထိုကဲ့သို့ ၀ါသနာပါခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင်နေရသော ဘ၀မှာ ထိုဖြစ်ချင်သောအရာများမဟုတ်ခဲ့ပါ။ သို့သော် ကျွန်မ၀ါသနာ ပါသော စာရေးခြင်းကို တနည်းနည်းဖြင့် ရေးနိုင်ရန် ကျွန်မ ကြိုးစားပြီးရေးချင်မိပါသည်။ ကျွန်မရေး သားသော စာများကိုလည်း ဝေဖန် အကြံဥာဏ်ပေးသူများလည်းရှိစေချင်မိပါသည်။ ထို့အပြင် ကျွန်မရင်ထဲ တွင် မွန်းကျပ်ပြီးစိတ်ဖိစီးလာသည့်အခါမျိုးတွင်လည်း စာရေးချလိုက်လျှင် ရင်ထဲတွင် ပေါ့ပါးသွားမည်ဟု ထင်မိပါသည်။ ထို့ကြောင့် တစ်ခါတစ်လေ ကျွန်မစိတ်မွန်းကျပ် လာသောအခါ စာရွက်တစ်ရွက်ပေါ်တွင် ကျွန်မခံစားရသောအရာများကို ချရေးမိခဲ့ပါသည်။  သို့သော် ကျွန်မရေးသော စာသည် တစ်ကြောင်းနှစ်ကြောင်း လောက်တွင်သာအဆုံးသတ်သွားပါသည်။ စာကိုစီကာပတ်ကုံး အရှည်ကြီး မရေးနိုင်ခဲ့ပါ။ ကျွန်မ ယခုကဲ့သို့ စာအရှည်ကြီးကိုရေးသည်မှာ ကျွန်မစာစီစာကုံး ပြိုင်သည့် အချိန်၊ (၁၀) တန်းစာစီစာကုံးရေးခဲ့သည်မှ လွဲပြီးဘယ်သောအခါမှ စာတစ်ပုဒ်စီကာပတ်ကုံး အရှည်ကြီးမရေးခဲ့ဖူးပါ။ ယခုဘလော့ဂ်စာမျက်နှာတွင် ရေးသားသောစာမှာ ကျွန်မ၏ပထမဆုံးသောရှည်လျားသည့် စာတစ်ပုဒ်ဆို လျှင်လည်းမမှားပါ။
ထို့ကြောင့် ကျွန်မရေးသားချင်သောအကြောင်းအရာများကို ထုတ်ဖော် ရေးသားချင်မိသည်မှာ ကျွန်မ၏ ဆန္ဒတစ်ခုဖြစ်ပါသည်။ ထိုဆန္ဒမှာယခု ကျွန်မဘလော့ဂ်တည်ဆောက်သည့်အခါ အကောင် အထည်ဖော်နိုင်ခဲ့ပါသည်။ ကျွန်မ၏စိတ်မွန်းကျပ်မှုများ ကို ကျွန်မ၏ ဘလော့ဂ်စာမျက်နှာတွင်စာများရေး သားပြီးမွန်းကျပ်မှုများကို ဖြေဖျောက်နိုင်ခဲ့ပါသည်။ ကျွန်မ၏စာတစ်ခု ဘလော့ဂ်ပေါ်သို့ တစ်ခါရောက်သွား တိုင်း ကျွန်မ၀မ်းသာမျက်ရည်လည်စိတ်ထဲတွင်လည်းပျော်ရွှင်ကြည်နူးမိပါသည်။ ထိုသို့ ဘလော့ဂ်စာ မျက်နှာပေါ်သို့ တစ်ခါရောက်သွားတိုင်း ကျွန်မသည် `ဟေးးးးးးးးးးးရပြီ´ဟု အရူးတစ်ယောက်ပမာ အမြဲ တမ်းအော်ဟစ်မိပါသည်။ ထိုကြောင့် ကျွန်မ၏ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများအားလုံးသည် လည်း ကျွန်မ၏ ဘလော့ဂ် စာမျက်နှာထက်တွင် မိမိတို့၏ စိတ်မွန်းကျပ်မှုများကိုပြေပျောက်စေရန်၊ စိတ်အပန်းပြေစေရန် မိမိတို့ တင်လိုသည့်စာများကို ကျွန်မထံသို့ရေးသားပေးပို့နိုင်ပြီးမိမိတို့ ဖန်တီး ထား သော စာများကိုဘလော့ဂ် စာမျက်နှာထက်တွင် ပြန်ကြည့် အခြားသူများ မှ ဝေဖန်သုံးသပ် အကြံ ဥာဏ်ပေးထားသော စာများကိုဖတ်ရှုကာ မိမိတို့၏ စိတ်ပင်ပန်းမှုများ၊ စိတ်မွန်းကျပ်မှုများ ကို ဖြေဖျောက်နိုင်ကြပါစေ ဟု ဆုတောင်းပေးရင်း ယခု ကျွန်မရေးသားခဲ့သော`ကျွန်မဘလော့ဂ်၏ စာမျက်နှာအစ´ ခေါင်းစဉ် ကို နိဂုံးချုပ်လိုက်ပါသည်။

                       လေးစားစွာဖြင့်
                                                           Maylwinkhaing [30.6.2012 (Saturday), 7:34 PM]
Gmail Address : maylwinkhine21@gmail.com

Saturday, July 7, 2012

နင်သာလျှင်ငါ့ဘက်မှာရှိစေ

ချစ်ခွင့်ကြုံလို့ ရင်ခုန်ခဲ့ပြီ

ရင်ခုန်သံကိုအလေးထား ဝေးသွားမှာလည်း

စိုးထိတ်သည်။

အတိတ်ဆိုးရဲ့ အိပ်မက် နိုးတ၀က်နဲ့

မရွှင်သာ..ကြင်နာလို့ ပေးဆပ်ချင်

ရင်မှာဖြစ် ငါ့သံယောဇဉ်က စင်ကြယ်ရဲ့လား..

ပလီပလာ တီတီတာတာစကားနဲ့

ကြည်နူးခွင့်ရချိန်တောင် လက်မောင်းကို

ရဲရဲတွဲ ငါ့ဘ၀ထဲဝင်ခဲ့ပါလို့ မပြောရဲခဲ့တာ

ငါ့ဝဋ်ကြွေးပါ...

သစ္စာမှန်လျှင် နွယ် ပင်ဆေးဝင်သော်ငြား

ပညာအား မရှိတဲ့ယောကျာင်္းကို ချစ်သူရဲ့

ပတ်ဝန်းကျင် အမြင်ကြည်လင်မှာလား…

ရင်ဆိုင်ရမဲ့ လောကဒဏ်၊နွားလိုရုန်းလို့

ခါးကုန်းပါစေ လက်မလျှော့ဘူး..

တက်ကျိုးရင်လက်ထိုးလို့လှော်လိုက်မယ်..

နင်သာလျှင် ငါ့ဘက်မှာရှိစေ…….

BRAVEATTACKER(3/6/2012 at 2:53PM)

Friday, July 6, 2012

ချစ်တဲ့သခင်


ကံကြမ္မာဇာတ်ထုတ် ကြံလာပါငါ့သရုပ်ကို
အဲလိုနေအဲလိုစားအော်ဒါခေါ်အမိန့်များနဲ့
နင့်ကိုလေချစ်သွားရင် မရဏယာဉ်နဲ့
သေမင်းပင် ခုလာခေါ်အုံးအပြုံးမပျက် လိုက်ခဲ့ မယ်။
နင့်အကြောင်းတွေးလိုက်တိုင်း စာဖွဲ့ လို့ ပြောချင်ငြား
ရူပကငါမသိ။ဥပမာငါမရေး။အတိတ်သယငါမကြံ
အတိတ်ဘ၀ဖန် အကြောင်းကံကြောင့်လား
 မြည်သံတော့ ကြားတယ် ဘယ်ရင်အုံနားက
တဒုတ်ဒုတ်နဲ့ ရထားခုတ်သံအလား။
အကြံအဖန်မပါ အမှန်သာပြောပါရစေ  ကလေးကလား စာသားလေးနဲ့
ဘေးနားကလူတွေရယ်စေအုံးတော့
နာမ်စားနဲ့ကြိယာပေါင်းစပ်ကာပြောလိုက်မယ်
နင့်ကိုချစ်တယ်….လို့
ရွှေသည်သာ စိန်ဖြင့်တင့်သည်မို့
စိန်သားရောင် ၀င်းပြောင်စေဖို့ ရာ
ဒီအမောင်မစွမ်းသာပြီမို့
မျက်ထားတော်မညိုလိုက်ပါနဲ့
ကလေးလေးရေ….နင့်အတွက်ပါ…..
ချစ်လျှက်ပင် မပစ်ရက်ချင်ပါရင်လဲ
စစ်မထွက်ခင်မြှားကုန်တတ်တဲ့
 ငမိုက်သားလူ့သုံ့ပန်းကို ထမ်းပိုးလို့ မခေါ်နဲ့
လမ်းဆိုးရဲ့တနေရာ ပစ်ကာသာထားခဲ့ ပါတော့
ချစ်တဲ့ သခင်…..

                Braveattacker   (at…12:32am)
                                      30.5.2012

Wednesday, July 4, 2012

သူငယ်ချင်းမှအမှတ်တရ


သူငယ်ချင်း…..
ကောင်းကင်ထက်မှာ သူရိန်မင်း
ထွန်းလင်းလို့ ထာဝစဉ်
သူ့အပြိုင် ငွေသော်တာ
ခြွေတာရာဖေါ်တသင်းနဲ့
ကောင်းကင်ယံထက်ကို အလှဆင်ခဲ့ပြီ….
အဏ္ဏ၀ါပင်လယ်ပြာမှာလဲ
မုတ်သုန်ကို အဖေါ်ပြုလို့
လှိုင်းကြက်ခွတ်လေးတွေဟာ
လွန့်လူးလို့ နေရှာကြတယ်…
ပနာတင့်လှတဲ့ ကောင်းကင်မြင့်က
သူရိန်မင်းကြီးဟာ
မဟာဆန်ပင်လယ်ပြာဆီကို
ဆည်းဆာချိန်တိုင်း အလည်သွားဆဲပါ…
[သူ့ဂုဏ်ပုဒ် မာနသရုပ်ကို ဘာကြောင့်များ
ပဓာနမထားတာလဲ…..]
ငှက်ကြေးတမာလေး တတွေ
ပင်ကိုင်းဖျားထက်ဆီမှာ
 သာယာဖွယ်တေးသီကျူးလို့
အာရုံမိုးသောက်ယံကို ပနံတင့်စေတယ်…
သူ့အပြိုင်ပျားပိတုန်းလေးတွေ
အုပ်စုဖွဲ့လို့ ၀တ်ရည်လုခဲ့ကြပြီ
ရွှေဝါရောင် စပါးခင်းကြီးကလည်း
နေမင်းကိုအဖေါ်ပြုလို့
လေရူးနဲ့ ကြည်ဆယ်ရင်း ယိမ်းနွဲ့လို့ ကကြရှာတယ်…
တေးသီကောင်းတဲ့ ကျေးတမာအပေါင်းဟာ
နေ့စဉ်ပါ စပါးတောဆီကို ခစားလို့ရောက်ခဲ့ပြီ….
[သူ့ဂုဏ်ပုဒ် တေးသီမှုကို ဘာကြောင့်များ
ခ၀ါချရတာလဲ…..]
သူငယ်ချင်း
စိန်စီလို့မြချယ် နင့်ဘ၀ရဲ့ အလယ်မှာ
ဂုဏ်ရောင်ပြောင်စေဖို့
ပညာကိုအရောင်တင် နေတာ
တင့်တယ်လှပါတယ်ဟာ….
ဘိုးဘွား မိဘအပေါင်းကလည်း
နင့်အကြောင်း ထပ်ပေါင်းလို့
လောင်းကြမယ် အရှုံးမရှိပြီ….
မြို့စွန်တောစုတ် ဇနပုတ်က
ကုတ်ချောင်းချောင်း လူ့ငပေ
ဝေလေလေ ကျေးတောသား  ငါ…
Old ဘရန်ဒီဆိုဝေလာဝေး
ဝီစကီကိုမတတ်နိုင်လို့ ခပ်မှိုင်မှိုင်နေရတာ
မွေးကတည်းကပါ…
သူရိန်မင်းလို[ပညာ]၀င်းထိန်;သရဖီလို[ဘ၀]အေးမြ
ကျေးတမာလိုမိတ်ဆွေပေါ;စပါးတောက လိုရာသုံး
အပြုံးတွေ ကဋေကဋာနဲ့ ဘယ်အတွက်ကြောင့်
ငါ့ကိုမှ ခင်ရတာလဲ……
[နင့်ဂုဏ်ပုဒ် ပညာသဘောကို ဘာကြောင့်များ
ချောင်မှာထားရတာလဲ] 

Braveattacker..  at  2:30am[3/25/2012]


Sunday, July 1, 2012

စာပေ၀ါသနာရှင်စိုးညွန့်ဆွေ


စာရေးသူ၏ အမည်မှာ စိုးညွန့်ဆွေလို့ ခေါ်ပါသည်။ စာရေးချင်သည့် စိတ်က ယခုအသက် ၃၀ ပြည့်ခါနီး အရွယ်မှာချင်ခြင်းတက်လာခဲ့သည်။စာရေးသူ  ငယ်စဉ် ကတည်းက အကျင့်တခုရှိခဲ့သည်။ ဘယ်အရာကို မဆိုလုပ်ကြည့်ချင်သည်။ လုပ်တတ်ချင်သည်။ အလယ်လောက်ရောက်လျှင် ဆက်မလုပ်တော့ပါ။ ထို့ကြောင့် ဘယ်ပညာမှ ကောင်းကောင်းမတတ်ပါ။ ထို့အပြင် လုပ်လက်စအလုပ်ကို ဘယ်တော့မှ အဆုံးမသတ်တတ်ပါ။ ပျော်ရွှင်စရာ၊ စိတ်ညစ်စရာ တို့ဖြင့်ဘ၀ကိုဖြတ်သန်းလာခဲ့ ပြီး အတွေးတခုပေါ် လာခဲ့သည်။ အင်တာနက်ခေတ်မှာ လေ့လာစရာတွေ မြောက်များစွာ ရှိသည်ဟု သူငယ်ချင်း တဦးက ပြောသောစကားသံဖြင့် laptop ကလေးတလုံး ၀ယ်ပြီးလေ့လာကြည့်သည်။ ဟိုက်ရှားပါးဟုပင် အံ့သြရလောက်အောင် လေ့လာစရာမှတ်သားစရာတွေများပြားလှပါသည်။ လေ့လာကြည့်ပါသည်။ ည်းပညာများစွာရှိသည့်အထဲမှ ပညာရှင်တို့ပြောသော အခြေခံလေးတွေကိုလိုက်လေ့လာ ကြည့်မိပါသည်။ ငယ်စဉ်ကတည်းက ဘာမှဆုံးအောင်မလုပ်ခဲ့သူတယောက်အတွက် ပညာရှင် တို့ ပြောသော အခြေခံမှာ စာရေးသူ အတွက်တော့ လက်လျှော့စရာများသာဖြစ်ခဲ့ပါသည်။ မနေ့ညက အိပ်ရာဝင်ခါနီး စဉ်းစားမိပါသည်။ “ငါဘာလုပ်ရင် ကောင်းမလဲ”ဆိုသော အတွေးတွေးမိသောအခါ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါ။ ထို့နောက်မိမိကိုယ်မိမိမေးကြည့်လိုက်ပါသည်။ “မင်းဘာလုပ်ခဲ့ သလဲ”ဟူသောအမေးကို မေးမိသောအခါ စာရေးသူဘာမှမလုပ်ခဲ့ရသေးပါ။ ဘယ်သူ့အတွက်ဘာတခုမှ လုပ်ပေးဖို့ဝေးစွ မိမိကိုယ်မိမိပင် ဘာမှလုပ်မပေးခဲ့ရသေးပါ။ တဆက်တည်းမှာဆက်ပြီး အတွေးပေါင်းမြောက်များစွာတို့ ခေါင်းထဲသို့စီတန်းပြီး ရောက်ရှိလာပါတော့သည်။ ထို အတွေးပေါင်းမြောက်များစွာတို့ထဲမှ စာရေးသူဆုံးအောင်လုပ်နိုင်လိမ့်မည်ဟုထင်မိသော အကြောင်းအရာ တခု ကိုရွေးချယ်လိုက်ပါသည်။
စာရေးသူနိဒါန်းတွင်ပြောခဲ့သော လုပ်နိုင်လိမ့်မည်ထင်သောအလုပ်ကို ရွေးချယ် ရခြင်းအကြောင်းရင်းမှာ …စာရေးဆရာကြီးဦးသုခရဲ့ ”သင်ဖွားသောပြည် သင်တို့ မြေ၀ယ် သင်၏မျိုးသားစာစကားလည်း အခြေ တိုးမြှင့် ကျန်ကောင်းသင့်၏”ဟူသောစာ စကားအတိုင်း လူတယောက် ဖြစ်လာလျှင် ထိုလူသည် သူ၏ ပတ်ဝန်းကျင်တွင် ဘယ်လောက်ထိလုပ်နိုင်ခဲ့သည်…ဟု သူ၏ပတ်ဝန်းကျင်မှ လူသားအပေါင်းက သူ၏ တန်ဖိုးကို ပိုင်းဖြတ်လိမ့်မည်။ တဖန် ထိုသူသေလျှင်သော်မှ ထိုသူ၏တန်ဘိုးဆက် ရှိနေလိမ့်မည်ဟု စာရေးသူ ကြားဖူးနားဝရှိခဲ့ဘူးသည်။ ထို့ကြောင့် စာရေးသူ ဆန္ဒဖြစ်မိပါသည်။ ကြားဖူးနားဝရှိခဲ့သော ထိုအမှန်တရားကို ယုံကြည်မိပါသည်။ အကောင်အထည်ဖေါ်ရန်အတွက် ဆက်လက်ပြီးလုပ်ချင်စိတ် လည်း ပြင်းပြမိပါသည်။
သို့သော်ငြားလည်း ခက်နေသည်မှာ စာရေးသူ ဘာပညာမှမတတ်ပါ။ ထို့အတူ ပိုင်ဆိုင်သည့်ဥစ္စာမှာ လည်း passport စာအုပ်တအုပ်နှင့် ကျောပိုးအိတ်တလုံးသာပိုင်ဆိုင်ထားပါသည်။ အလုပ်တခုကိုပြီး ဆုံးအောင်လည်းမလုပ်ခဲ့ဘူးသူတယောက်အတွက် တိုင်းပြည်၊ လူုမျိုး ၊ ဘာသာ၊ သာသနာနှင့်လူအဖွဲ့ အစည်းကောင်းကျိုးကိုစွမ်းဆောင်နိုင်ဖို့ရာအလွန်အင်မတန်ခက်ခဲလှပါသည်။ ထို့ကြောင့် စာရေးသူအနေနှင့် မိမိ၏လုပ်နိုင် လောက်သည့် မိမိ၏အတွေးအခေါ်ကို မိမိ၏ပတ်ဝန်းကျင်မှ လူနည်းစု သူငယ်ချင်းများ ၊စာရေးသူ၏ မိသားစု၊ စာရေးသူ၏နောက်လာမည့်မျိုးဆက်တို့အတွက်သာတစိုက် မတ်မတ်စာရေးခြင်းဖြင့်သာအကျိုးပြုခြင်းဖြင့်လုပ်ဆောင်တော့မည်ဟုသံဓိဋ္ဌာန်ချမိပါသည်။
ထို့နောက်တွင် အခက်အခဲတခုကခေါင်းထဲသို့ ထပ်မံပြီးဝင်ရောက်လာပြန်တော့သည်။ အကြောင်းမှာ ဘယ်လိုဝေမျှရလျှင် မိမိရဲ့ အတွေးများ သူတပါးဆီသို့ရောက်နိုင်လိမ့်မည်နည်း။ မိမိလုပ်ခဲ့သော အလုပ်များကို ဘယ်လိုသိမ်းဆည်း၍ နောင်လာမည့်မျိုးဆက်တို့ကို ပေးဝေမည်နည်း။ စာရေးသူမလုပ် တတ်သည့် အရာများဖြစ်၍ အားငယ်မှုနှင့်ရှက်ရွံ့မှုတို့ ကိုတပြိုင်နက်ခံစားခဲ့ရပါသည်။ ထို့ကြောင့် စာရေးသူ ယုံကြည်ရလောက်သော သူငယ်ချင်း၏ ၀က်ဘ်ဆိုဒ်တွင် ရေးသားပေးမည်ဟုသာ ဆုံးဖြတ်လိုက် ပါသည်။ ဆက်၍ပြောချင်သည်မှာ စာရေးသူရေးချင်သည့် စာများသည် မိမိ၏ ရင်ထဲနှလုံးသားထဲမှ စကားများကိုရင်ဆိုင်ခဲ့ရသော ဘ၀၏အခက်အခဲ နှင့်ယှဉ်၍ ကောင်းမကောင်းခွဲခြမ်းစိတ်ဖြာ၍ သာရေးသားပါမည်။ စာဖတ်သူ အနေဖြင့်အစီအငေါ်မတည့်ခဲ့လျှင် စာရေးသူ၏ ပညာအရည်အချင်း မပြည့်မှီ၍သာဖြစ်ရပါသည်။ စာဖတ်သူအနေဖြင့် သဘောထား မတိုက်ဆိုင် ပါကလည်း  နားလည် ခွင့်လွှတ်ပေးစေလိုပါသည်။ စာရေးသူ၏ စာကိုဖတ်လိုက်ရ၍ အကျိုးတစုံတရာ မဖြစ်ထွန်းခဲ့ပါလျှင်လည်း စာဖတ်သူ ကုန်ဆုံးသွားသည့် အချိန်ကာလလေးတခုအတွက် အမြဲတောင်းပန်နေပါမည် ဟု…စာရေးသူဆက်လက်၍ပြောလိုသည်မှာ စာရေးသူရေးသားမည့် စာတိုလေးများသည် နောင်လာမည့် စာရေးသူ၏ မျိုးဆက်၊ စာရေးသူ  မိသားစု ၊သူငယ်ချင်းအပေါင်းတို့အား စာရေးသူ တွေးခဲ့သော အတွေးလေးများကို သိစေခြင်းသာဖြစ်ပါ သည်။ ကောင်းကျိုးတစုံတရာ ရရှိခဲ့မည် ဆိုလျှင် အလွန်ပင် ၀မ်းသာပီတိဖြစ်ရပါသည်။ ဆက်လက်၍ စာေ၇းသူရေးမည်ဟူသော စာသည် ၀ထ္တုလား ကဗျာလား  ဆောင်းပါးလား လူသားအကျိုးပြုစာပေလား သေသေချာချာဖြင့် မပြောတတ်သေးပါ။ သို့သော်ငြား စာရေးသူ စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ် ပါကြောင်းနှင့် စာရေးသူ၏စာများကို ဘယ်သူမဆို နှစ်သက်သည်၊ သဘောထားတိုက်ဆိုင်မည်ဆိုပါက နှစ်သက်သူ၏ အမည်နာမဖြင့်လည်းကောင်းလိုအပ်သလို အသုံချနိုင်ပါသည်။
လူသားတိုင်းအောင်မြင်ချင်ကြသည်။ အောင်မြင်မှုမြောက်မြားစွာတို့ဖြင့် ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းချင် ကြသည်။ အောင်မြင်မှုတစုံတရာရရှိနိုင်ဖို့ရာ တွင် မိမိဘာလိုချင်သည် ၊ ဘာလုပ်ချင်သည် ၊ဘာဖြစ်ချင် သည်  စသည်အားဖြင့် ဖြစ်ချင်သောဆန္ဒ။  ထို့နောက်တွင် ဘယ်ထိအောင်လုပ်မည်ဟူသော ရည်ရွယ် ချက်၊ လုပ်နိုင်သော ၀ိရိယ၊ ကျိုးကြောင်းဆက်နွယ်သော ကံတရားနှင့်ဥာဏ်အမြော်အမြင် အားလုံးပေါင်း စပ်မှသာလျှင် မိမိ၏ပန်းတိုင်သို့ လှမ်းကိုင်နိုင်မည်ဖြစ်သည်။ ထိုသို့အောင်မြင်ရန်အတွက်ကြိုးစားခြင်းအဖို့ မှာ မိမိလုပ်နိုင်သောအလုပ်ကို လုပ်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်နှင့်တပြိုင်နက်စတင် ရပေတော့မည်။ ထိုနည်းတူစွာ သေးသေးဖွဲဖွဲကိစ္စလေးများသည်လည်း စတင်၍သာ လုပ်ဆောင်ကြရ သည်။ စတင်၍ လုပ်ဆောင်မှသာလျှင် ပြီးမြောက်ခြင်းပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင် စတင်၍လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်   သော်ငြား အချို့သောသူတို့သည် အချိန်အခါကိုရွေး တတ်ကြသည်။ တော်တော်ကြာမှလုပ်တော့မယ်၊ ငါ့အကြံကို အချိန်ကောင်းစောင့်ပြီးလုပ်လျှင် ပိုအောင်မြင်နိုင်မယ်ထင်တယ်၊ နောက်လမှစပြီးလုပ်တော့မယ်။ ဘယ်နှစ်ရောက်ရင်ငါလုပ်မဲ့အလုပ်နဲ့ အဆင်ပြေနိုင်တယ် စသည်အားဖြင့် အချိန်အခါကိုအမျိုးမျိုးသော အကြောင်းပြချက်တို့ဖြင့်သာ အချိန်ယူ တတ်ကြသည်။ တကယ်ဆိုလျှင် ထိုသို့သော အကြောင်းပြချက်တို့သည် မိမိလုပ်မည့်အလုပ်အား မအောင်မြင် မပြီးမြောက်စေရန် ရှေ့မှပြန်တွန်းထားသော အတားဆီးတခုသာလျှင်ဖြစ်ပေသည်။ ပျင်းရိခြင်း လည်းဖြစ် သည်ဟုစာရေးသူယူဆပါသည်။ စာရေးသူစတင်၍လူမှန်းသိတတ်စအရွယ်မှသည် ယခုတိုင် ထိုအကျင့်တခုရှိနေပါသေးသည်။ ကြာလာသည်နှင့်အမျှ ထိုအကျင့်သည် ဖျောက်ဖျက်၍မရ နိုင်လောက်အောင် စွဲကပ်လာခဲ့ရပါသည်။ နိဒါန်းတွင် စာရေးသူဆိုခဲ့သည့် အတိုင်းစာရေးသူ၏ဘ၀တွင် လည်း ထိုကဲ့သို့ အမှားများစွာကို ပြုလုပ်ခဲ့မိပါသည်။ ထိုသို့ပြုလုပ်ခဲ့သည့် အမှားများစွာသည် မိမိ အသက်ကြီးလာသည်နှင့်အတူ နောင်တများစွာကို ဖြစ်စေပါသည်။ စာေ၇းသူ ငယ်စဉ်ကျောင်းတက်ခါစ အရွယ်မှ ယခုတိုင် မှားယွင်းစွာပြုလုပ်ခဲ့သည်များမှ အကြီးမားဆုံး နောင်တရစရာ တခုကိုတင်ပြပေးပါမညိ။
စာရေးသူ ၇ နှစ်သားအရွယ် ကျောင်းတက်စအချိန်တွင် ဒုတိယတန်းတွင် ဆုတကြိမ်ရခဲ့ဖူးပါသည်။ ထိုဆုသည် စာရေးသူအသက် ၃၀ တိုင်အောင် အထူးပြုခံခဲ့ရသည့် တကြိမ်တည်းသော အမှတ်ရစရာဖြစ်ခဲ့ပါသည်။ စာရေးသူ မိမိကိုယ်မိမိအထင်ကြီးမိပါသည်။ နောက်၃တန်းရောက်ချိန်တွင် စာမေးပွဲကိုအောင်ရန်ပင် အလွန်ကြိုးစားခဲ့ရပါသည်။ ထိုအချိန်တွင် စာရေးသူ၏မေမေဆူပါတော့သည်။ ဘာလို့မနှစ်ကဆုရတယ်။ ဒီနှစ်တော်မလာပဲ ဘိတ်ချေးသာဖြစ်ခဲ့သည့်အတွက်ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော်မေမေ့ကို ဆင်ခြေပေးဖြစ်ခဲ့ပါသည်။ နောက်နှစ်မေမေကြည့်နေလိုက်ပါ။ သားဆု ရအောင်ကြိုးစားပါမည် ဟူသောစကားပါ။ ထို့နောက်တွင်စာရေးသူ မဖြစ်ခဲ့ပါ။ သို့သော် နောက်နှစ် များစွာမှာပင်လျှင် စာရေးသူဘာမှမဖြစ်ခဲ့ပါ။ ယခုချိန်ထိဘာမှမဖြစ်ခဲ့ပါသည်။ စာရေးသူတင်ပြလိုသည်မှာ ဒီနှစ်တော့မဖြစ်နိုင်တော့ပါဘူး။ နောက်နှစ်ရောက်မှပင် စတင်၍ ဖြစ်အောင်လုပ် မည်။ တော်အောင် လုပ်မည် စသည့်ဆင်ခြေများဖြင့်ဘ၀ကိုဖြတ်သန်းလာခဲ့ရင်း  ဘာတခုမှ မဖြစ်မြောက်တော့ပါ။ ထို့အပြင် စာရေးသူအကျင့်မှာ အချိန်အခါကိုရွေးချယ်တတ်ပါသည်။ ဥပမာပြောရ လျှင် ဖျောက်ဖျက်၍ မရနိုင်လောက်သော မကောင်းမှုတခုကို အချိန်အခါရွေး၍ ဖြတ်တောက်ခဲ့ သည်မှာယခုချိန်တိုင်အောင် မဖျောက်နိုင်သေးပါ။ ၎င်းမှာ ကွမ်းစားခြင်းဖြစ်ပါသည်။ ကွမ်းကို လွန်ခဲ့သည့်၁၃နှစ်မှ စတင်၍စား တတ်ခဲ့ပါသည်။ ယခု၂၀၁၂ခုနှစ် ၁လပိုင်း ၁ရက်နေ့တွင် ၂၆ကြိမ်ထက်မနည်း မစားတော့ရန် ဆုံးဖြတ် ချက်ချခဲ့ပါသည်။ သို့သော် မရခဲ့ပါ။ နောက်နောင်တွင်လည်း ထိုကဲ့သို့ ဆက်လက်၍ ဖြတ်တောက် ကြည့်နေဦး မည်သာဖြစ်ပါသည်။ ထိုကဲ့သို့ဥပမာဖြင့် စာဖတ်သူတို့အား သိစေချင်သည့် ရည်ရွယ်ချက် မှာ အလုပ်တခုကိုလုပ်တော့မည်ဟု ဆုံးဖြတ်ချက်ချပြီးသည်နှင့်တပြိုင်နက် ယခုချက်ခြင်း စတင်၍ အကောင်အထည်ဖေါ်ခြင်းသည် အချိန်အခါကို စောင့်ဆိုင်း၍ အကောင်အထည်ဖေါ်ခြင်းထက် ရည်ရွယ်ချက်ပန်းတိုင်သို့ မြန်ဆန်စွာဖြင့် ရောက်ရှိနိုင်လိမ့်မည်ဟု စာရေးသူယုံကြည်မိပါသည်။ ထို့အတူ အချိန်အခါကိုစောင့်ဆိုင်း၍ပြုလုပ်ခြင်းသည် တန်ဖိုးရှိသောအချိန်တို့ကို ဖြုန်းတီးရာရောက်နေပါလိမ့်မည်။
နိဂုံးချုပ်ရသော် စာဖတ်သူအနေဖြင့် ကျွန်တော်၏စာတိုလေးအားဖတ်ပြီး မိမိ၏ရည်ရွယ်ချက်အတိုင်း ယခုပင်လျှင်စတင်၍ အကောင်အထည် ဖေါ်စေလိုပါသည်။ အချိန်အခါကို ဘယ်သောအခါမှ မရွေးချယ်ပါနှင့်။ လက်ရှိပိုင်ဆိုင်နေသောအချိန်သာလျှင် နက္ခတ်ကောင်းတို့စုဝေးရာ အချိန်ခါဖြစ်ပါသည်။ စာရေးသူ၏ နောင်တကိုနမူနာယူ၍ အလုပ်တခုကို ပြီးမြောက်အောင်လုပ်စေချင်ပါသည်။ မိမိလုပ်မည်ဟု ဆုံးဖြတ်ထားသောအလုပ် ယခုပင်စတင်လိုက်ပါဟု …….မှာကြားရင်းဖြင့်အဆုံးသတ်ပါရစေ။