အားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

အားလုံးကိုမေသူ(မိတ္ထီလာ)မှနွေးထွေးပျူငှာစွာကြိုဆိုပါသည်။

Sunday, April 7, 2013

သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း


သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်အနား ကို  ရောက်လာတဲ့သူလို့ ကျွန်မကတော့ယူဆတယ်။ ကျွန်မတို့ မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိ ကရုဏ်း ကြောင့် ကျွန်မစိတ်ညစ်နေတဲ့အချိန်မှာ ကျွန်မကိုအားပေးစကားပြောခဲ့တဲ့ သူငယ်ချင်းကောင်း နဲ့ မိတ်ဆွေကောင်းကို ကျွန်မတွေ့ခဲ့ရပါတယ်။ ကျွန်မသူတို့ကို စိတ်ထဲကနေလည်း အရမ်းကိုကျေးဇူး တင်မိသွားပါတယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ ကိုယ်အခက် အခဲတွေ့ နေတဲ့အချိန်မှာ ဘေးနားမှာရှိနေတတ်တာပဲ။ ကျွန်မအခုမှ ကိုယ့်ကိုယ်ဂရုတစိုက်နဲ့လှမ်းမေးတဲ့ သူငယ်ချင်းနဲ့မိတ်ဆွေကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကျွန်မဆီကို အခုလို လှမ်းမေးမယ်လို့ မထင်ထားခဲ့မိပါဘူး။ တကယ်တန်းဖြစ်တဲ့အချိန်မှာတော့ သူတို့ဟာ ကျွန်မဆီကို ဆက်သွယ်ရေးလိုင်းတွေ ဒီလောက်ခက်ခက်ခဲခဲခေါ်နေရတဲ့ ကြားထဲကနေကို ကျွန်မဆီကို ဖုန်းရအောင် ဆက်သွယ်ပြီး အားပေးခဲ့သူတွေပါ။        
သူတို့နဲ့ ကျွန်မဟာငယ်သူငယ်ချင်းတွေလည်းမဟုတ်သလို၊ ငယ်ကတည်းကခင်မင်တဲ့ မိတ်ဆွေတွေလည်း မဟုတ်ခဲ့ပါဘူး။ မိတ်ဆွေအစ်မကြီးတစ်ယောက်ဆို ကျွန်မနဲ့သိတာ လ ပိုင်း လောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သူမဟာ ကျွန်မအပေါ်မှာ မိတ်ဆွေပီသစွာမေးမြန်း အား ပေးခဲ့ပါတယ်။ နောက်သူငယ်ချင်းတစ်ယောက် ဆိုရင်လည်း ရေခြားမြေခြားကနေပြီးတော့တောင် ကျွန်မဆီကို ဖုန်းရအောင်ဆက်ပြီး မေးမြန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရလိုက်တဲ့ အသိတစ်ခု ကတော့ လောကမှာ သူငယ်ချင်းတွေ မိတ်ဆွေဆိုတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတာ ကိုတော့ တွေ့ရဖို့ရာတော့အလွန်ခဲယဉ်းပါတယ်။ ကျွန်မစိတ်ညစ်တဲ့အချိန်မှာ အားပေးခဲ့တဲ့ သူငယ်ချင်းနဲ့မိတ်ဆွေကြောင့် ကျွန်မအားတက်ခဲ့ရပါတယ်။
ဒါ့အပြင် ကျွန်မရဲ့ဆရာမကိုလည်း ကျေးဇူးတင်မိပါတယ်။ ဆရာမကလည်း ကျွန်မကိုသတိ တရ ဖုန်းဆက်ပြီး မေးမြန်းအားပေးခဲ့ပါတယ်။ အဓိကရုဏ်းတွေဖြစ်နေတဲ့အချိန်မှာ အခုလိုအားပေးပြီး ဖုန်းဆက်ပေးတာကိုက ကျွန်မအတွက် အားဆေးတစ်ခွက်ပါပဲ။ သူငယ်ချင်း၊မိတ်ဆွေနဲ့ ဆရာမတို့နဲ့ ဖုန်းပြောပြီးရင် ကျွန်မရဲ့ စိတ်တွေဟာ ပြန်လည်လန်းဆန်းလာပါတယ်။ ဒါကြောင့် ကျွန်မရဲ့ရင်ထဲမှာ အမြဲတမ်းထည့်သိမ်းထားရမယ့်သူတွေပါ။ 
ကျွန်မအခုလို သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းနဲ့တွေ့ရသလို ဒီလောကကြီးမှာရှိတဲ့ သူအားလုံးလည်း မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း အနေနဲ့ ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ်။

Thursday, July 12, 2012

ကျွန်မသဘောကျသော စာသားအချို့

  ယခုတင်သောစာသားများမှာ ကျွန်မကြိုက်နှစ်သက်သော စာသားများဖြစ်သကဲ့သို့ စာဖတ်မိတ်ဆွေများလည်း ထိုစာသားများထဲမှ အတုယုဖွယ်များ၊မှတ်သားစရာများရရှိစေရန် ကျွန်မဖတ်ရှုခဲ့ရသောစာများထဲမှ ကျွန်မကြိုက်နှစ်သက်သော စာသားအချို့ကို တင်ပြပေးခြင်းဖြစ်ပါသည်။

၁။ "ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် ဥာဏ်ရည်ထက်၏။"

၂။ "ဘ၀ဆိုတာDVDတစ်ချပ်မဟုတ်တော့ ကိုယ်မကြိုက်တဲ့ အခန်းတွေကိုကျော်သွားလို့မရဘူး။"

၃။ "သင့်ဘ၀မှာ လူတစ်ယောက်ကို ဘယ်တော့မှ အပြစ်မတင်မိပါစေနဲ့............
     ကောင်းတဲ့လူတွေဟာ သင့်ကို ပျော်ရွှင်မှုတွေပေးတယ်.............
     ဆိုးတဲ့လူတွေဟာ သင့်ကို အတွေ့အကြုံတွေပေးတယ်.............
     ပိုကောင်းတဲ့လူတွေဟာ သင့်ကို အမှတ်ရစရာတွေပေးနိုင်ပြီး.......
     ပိုဆိုးတဲ့လူတွေဟာ သင့်ကို သင်ခန်းစာပေးနိုင်ပါတယ်................."

၎။ "ကတိသစ္စာ၊ တည်သောခါ၌၊
      သြဇာလေးနက်၊ ပေါ်စီတက်၍၊
     နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"(ရှင်မဟာသီလ၀ံသ)

၅။ ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည် ပျက်စီးခြင်းသာလျင် အဆုံးရှိသည်ဖြစ်၍ မမေ့မလျော့           မပေါ့မဆသည့် သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပေလော့။

Wednesday, July 11, 2012

'ကျွန်မဘလော့ဂ်၏စာမျက်နှာအစ’



'ကျွန်မဘလော့ဂ်၏စာမျက်နှာအစ’

ကျွန်မ၏နာမည်မှာမေလွင်ခိုင်ဟုခေါ်ပါသည်။ ကျွန်မ၏ မိဘများ၊ဆွေမျိုး များ နှင့် အရင်းနှီးဆုံးသူငယ်ချင်း မိတ်ဆွေများ အားလုံးကတော့ ကျွန်မကိုသဲသဲ (သို့)မေသူ ဟုခေါ်ကြပါသည်။ ကျွန်မတွင်မိသားစု(၄)ယောက်ရှိပါသည်။ ကျွန်မ၏ မိသားစု ၀င်များမှာ-ကျွန်မကိုတံတိုင်းကြီးသဖွယ် အမြဲကာကွယ်စောင့်ရှောက်ပေးတတ်သော ကျွန်မ၏ဖေဖေ၊ မိမိ၏သားမီးကို အမြဲတမ်းပဲ့ပြင်ဆုံးမလမ်း ညွှန်ပြသ စိတ်ဓာတ်ခွန်အားများပေးတတ်သော ကျွန်မ၏မေမေ နှင့် ကျွန်မ၏တစ်ဦး တည်းသော ချစ်ညီမလေး တို့ ဖြစ်ကြ ပါသည်။ ကျွန်မကို ပညာတတ် တစ်ယောက်ဖြစ် အောင်ပြု စုပျိုးထောင်ပေး ခဲ့သော ကျွန်မ ၏ ဖေဖေ၊မေမေနှင့် ကျွန်မ လိုအပ်သမျှကိုသားသမီးအရင်း တစ်ယောက်ကဲ့သို့ အစစ အရာရာကူ ညီပံပိုးပေးခဲ့သောနေပြည်တော်မှ ကျွန်မ၏ ဦးလေးနှင့် အဒေါ်အားလည်းကောင်း၊ ရန်ကုန်မြို့မှ ဦးလေးနှင့်အဒေါ်အားလည်းကောင်း၊ မိတ္ထီလာမြို့မှ ဘိုးဘိုး၊ဘွားဘွား နှင့် ဦးလေး၊အဒေါ် တို့အားလုံးတို့ အား လည်းကောင်း၊ ကျွန်မအားယခုလိုမဟာဘွဲ့ရစေရန် အများဆုံးဖေးမကူညီပေးခဲ့သော ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာငြိမ်းအေး၊ ကျွန်မ၏ supervisor ဆရာမ ဒေါက်တာစိုးယုမော်၊ သင်တန်းမှူး ဒေါက်တာလှိုင်ဖြူဖြူမွန် နှင့် ကွန်ပျူတာတက္ကသိုလ်မှ ဆရာ၊ဆရာမများအားလည်းကောင်း၊ကျွန်မဘွဲ့ယူသည့်နှစ်တိုင်း ၀တ်စုံဆင်မြန်းပေးခဲ့သော  မိတ္ထီလာမြို့ မှ အန်တီထိုက်နှင့် အန်တီသိုက် ‘May Htike Fashion’တို့အား လည်းကောင်းကျွန်မ၏ ဘလော့ဂ်စာမျက်နှာမှတဆင့် ဦးချဂါရ၀ပြုပါကြောင်း ဦးစွာ ပထမ ကျွန်မ ရေးသားလိုက်ပါသည်။

ယခုကျွန်မရေးသားသောစာသားများတွင် အမှားအယွင်းများ၊ အစီအစဉ် မကျနမှုများပါရှိပါက သည်းခံခွင့်လွှတ်နား လည်ပေးကြပါရန် ဦးစွာပထမတောင်းပန်အပ်ပါသည်။ ကျွန်မသည်ဘလော့ဂ် အကြောင်းကိုယခုမှ စတင်လေ့လာနေသောသူ တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ၏ဘလော့ဂ် စာမျက်နှာတွင် လိုအပ်ချက်များစွာရှိနေမည်ဖြစ်ပါသည်။ ထို့အတွက်လည်း နားလည်ပေးကြပါ ရန် တောင်းပန်အပ်ပါသည်။ ကျွန်ရေးသားမည့် ဘလော့ဂ် စာမျက်နှာတွင် ကျွန်မကိုယ်တိုင်ရေးသားမည့် အကြောင်းအရာများအပြင် ကျွန်မ၏ မိတ်ဆွေသူငယ်ချင်းတစ်ဦးမှ ကူညီပေးပို့ပေးသော စာများ၊ကဗျာများ ကိုလည်း ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပါသည်။ ထိုသူငယ်ချင်းမှာ- ကျွန်မကို အစ်ကို တစ်ယောက်ကဲ့သို့ ဆုံးမစကားများပြောဆိုတတ်ပြီး ကျွန်မဘလော့ဂ်ပြုလုပ်ရန်အတွက် လိုအပ်သောစာအုပ်များကို download ကူညီဆွဲပြီးပေးပို့ပေးခဲ့သော သူတစ်ယောက် လည်းဖြစ်ပါသည်။ ထိုသို့နည်းတူ ကျွန်မအားကွန်ပျူတာနှင့် ပတ်သက်သောအကူအညီများကိုပေးခဲ့သောမိတ်ဆွေများ လည်းရှိခဲ့ပါသည်။ ထိုကြောင့် ကျွန်မအား ဘလော့ဂ်ရေးရန် တိုက်တွန်းပေးခဲ့သော ထိုသူငယ်ချင်းနှင့် ကျွန်မအား ကွန်ပျူတာ ပညာနှင့်ပတ်သက်ပြီး အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပေးခဲ့ကြသော မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်မ ၏ဘလော့ဂ်စာမျက်နှာမှ တဆင့်ပြောကြားလိုက်ပါသည်။
ကျွန်မရေးသားမည့်စာသားများအား ဝေဖန်သုံးသပ်ကာ အကြံဥာဏ်များ ပေးခဲ့ပေးကြပါရန် ဦးစွာ ပထမပြောကြားလိုပါသည်။ ကျွန်မ၏ ဘလော့ဂ်စာမျက်နှာကို ဖတ်ကြမည့်သူများ ရသပေါင်းစုံ ခံစားနိုင်စေရန်အတွက် ကျွန်မ၏ဘလော့ဂ်တွင် မိမိရေးသားတင်ပြလိုသည့်စာများ၊ ကဗျာများ၊ ဆောင်းပါး များ အစရှိသည်တို့ကို ပါဝင်တင်ပြလိုသည်ဆိုပါက ကျွန်မ၏မေးလ် လိပ်စာသို့ ပေးပို့နိုင်ပါသည်။ ထိုပေးပို့ပေးသောစာများ၊ ကဗျာများ၊ ဆောင်းပါးများအစရှိသည်တို့ကို စာရေးသူတို့၏ အမည်ဖြင့် သာ ကျွန်မဖော်ပြပေးပါမည်။ ထိုစာရေးသူများ၏ စာတို့ကို ကျွန်မ၏အမည်သုံးစွဲပြီးဖော်ပြပေးမည်မဟုတ်ပါ။ စာရေးသူတို့၏ အမည်များဖြင့်သာ ဖော်ပြပေးမည်ဖြစ်ပါသည်။ စာရေးသူနေရာတွင် မိမိတို့ နှစ်သက်သည့် အမည်ဖြင့်ရေးသားပေးပို့နိုင်ပါသည်။ ထိုပေးပို့လာသောစာများကို ကျွန်မသူငယ်ချင်း၏စာများကိုတင်ပေး သကဲ့သို့တင်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတင်ပြလို သည့် အကြောင်းအရာများကို ရေးသားပြုစု လိုသော ၀ါသနာရှင် သူငယ်ချင်းမိတ်ဆွေများအားလုံး ကျွန်မ၏ဘလော့ဂ်စာမျက်နှာတွင် ပါဝင်နိုင်ကြောင်း အသိပေးအပ်ပါသည်။
ထိုကဲ့သို့ ကျွန်မ၏ ဘလော့ဂ်စာမျက်နှာတွင် ပါဝင်နိုင်ကြောင်း ပြောဆိုခြင်းမှာ ကျွန်မသည်လည်း စာရေးခြင်းနှင့် အနုပညာကိုဝါသနာပါသူ တစ်ယောက်ဖြစ်ပါသည်။ ထိုကဲ့သို့ ၀ါသနာပါခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင်နေရသော ဘ၀မှာ ထိုဖြစ်ချင်သောအရာများမဟုတ်ခဲ့ပါ။ သို့သော် ကျွန်မ၀ါသနာ ပါသော စာရေးခြင်းကို တနည်းနည်းဖြင့် ရေးနိုင်ရန် ကျွန်မ ကြိုးစားပြီးရေးချင်မိပါသည်။ ကျွန်မရေး သားသော စာများကိုလည်း ဝေဖန် အကြံဥာဏ်ပေးသူများလည်းရှိစေချင်မိပါသည်။ ထို့အပြင် ကျွန်မရင်ထဲ တွင် မွန်းကျပ်ပြီးစိတ်ဖိစီးလာသည့်အခါမျိုးတွင်လည်း စာရေးချလိုက်လျှင် ရင်ထဲတွင် ပေါ့ပါးသွားမည်ဟု ထင်မိပါသည်။ ထို့ကြောင့် တစ်ခါတစ်လေ ကျွန်မစိတ်မွန်းကျပ် လာသောအခါ စာရွက်တစ်ရွက်ပေါ်တွင် ကျွန်မခံစားရသောအရာများကို ချရေးမိခဲ့ပါသည်။  သို့သော် ကျွန်မရေးသော စာသည် တစ်ကြောင်းနှစ်ကြောင်း လောက်တွင်သာအဆုံးသတ်သွားပါသည်။ စာကိုစီကာပတ်ကုံး အရှည်ကြီး မရေးနိုင်ခဲ့ပါ။ ကျွန်မ ယခုကဲ့သို့ စာအရှည်ကြီးကိုရေးသည်မှာ ကျွန်မစာစီစာကုံး ပြိုင်သည့် အချိန်၊ (၁၀) တန်းစာစီစာကုံးရေးခဲ့သည်မှ လွဲပြီးဘယ်သောအခါမှ စာတစ်ပုဒ်စီကာပတ်ကုံး အရှည်ကြီးမရေးခဲ့ဖူးပါ။ ယခုဘလော့ဂ်စာမျက်နှာတွင် ရေးသားသောစာမှာ ကျွန်မ၏ပထမဆုံးသောရှည်လျားသည့် စာတစ်ပုဒ်ဆို လျှင်လည်းမမှားပါ။
ထို့ကြောင့် ကျွန်မရေးသားချင်သောအကြောင်းအရာများကို ထုတ်ဖော် ရေးသားချင်မိသည်မှာ ကျွန်မ၏ ဆန္ဒတစ်ခုဖြစ်ပါသည်။ ထိုဆန္ဒမှာယခု ကျွန်မဘလော့ဂ်တည်ဆောက်သည့်အခါ အကောင် အထည်ဖော်နိုင်ခဲ့ပါသည်။ ကျွန်မ၏စိတ်မွန်းကျပ်မှုများ ကို ကျွန်မ၏ ဘလော့ဂ်စာမျက်နှာတွင်စာများရေး သားပြီးမွန်းကျပ်မှုများကို ဖြေဖျောက်နိုင်ခဲ့ပါသည်။ ကျွန်မ၏စာတစ်ခု ဘလော့ဂ်ပေါ်သို့ တစ်ခါရောက်သွား တိုင်း ကျွန်မ၀မ်းသာမျက်ရည်လည်စိတ်ထဲတွင်လည်းပျော်ရွှင်ကြည်နူးမိပါသည်။ ထိုသို့ ဘလော့ဂ်စာ မျက်နှာပေါ်သို့ တစ်ခါရောက်သွားတိုင်း ကျွန်မသည် `ဟေးးးးးးးးးးးရပြီ´ဟု အရူးတစ်ယောက်ပမာ အမြဲ တမ်းအော်ဟစ်မိပါသည်။ ထိုကြောင့် ကျွန်မ၏ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများအားလုံးသည် လည်း ကျွန်မ၏ ဘလော့ဂ် စာမျက်နှာထက်တွင် မိမိတို့၏ စိတ်မွန်းကျပ်မှုများကိုပြေပျောက်စေရန်၊ စိတ်အပန်းပြေစေရန် မိမိတို့ တင်လိုသည့်စာများကို ကျွန်မထံသို့ရေးသားပေးပို့နိုင်ပြီးမိမိတို့ ဖန်တီး ထား သော စာများကိုဘလော့ဂ် စာမျက်နှာထက်တွင် ပြန်ကြည့် အခြားသူများ မှ ဝေဖန်သုံးသပ် အကြံ ဥာဏ်ပေးထားသော စာများကိုဖတ်ရှုကာ မိမိတို့၏ စိတ်ပင်ပန်းမှုများ၊ စိတ်မွန်းကျပ်မှုများ ကို ဖြေဖျောက်နိုင်ကြပါစေ ဟု ဆုတောင်းပေးရင်း ယခု ကျွန်မရေးသားခဲ့သော`ကျွန်မဘလော့ဂ်၏ စာမျက်နှာအစ´ ခေါင်းစဉ် ကို နိဂုံးချုပ်လိုက်ပါသည်။

                       လေးစားစွာဖြင့်
                                                           Maylwinkhaing [30.6.2012 (Saturday), 7:34 PM]
Gmail Address : maylwinkhine21@gmail.com

Saturday, July 7, 2012

နင်သာလျှင်ငါ့ဘက်မှာရှိစေ

ချစ်ခွင့်ကြုံလို့ ရင်ခုန်ခဲ့ပြီ

ရင်ခုန်သံကိုအလေးထား ဝေးသွားမှာလည်း

စိုးထိတ်သည်။

အတိတ်ဆိုးရဲ့ အိပ်မက် နိုးတ၀က်နဲ့

မရွှင်သာ..ကြင်နာလို့ ပေးဆပ်ချင်

ရင်မှာဖြစ် ငါ့သံယောဇဉ်က စင်ကြယ်ရဲ့လား..

ပလီပလာ တီတီတာတာစကားနဲ့

ကြည်နူးခွင့်ရချိန်တောင် လက်မောင်းကို

ရဲရဲတွဲ ငါ့ဘ၀ထဲဝင်ခဲ့ပါလို့ မပြောရဲခဲ့တာ

ငါ့ဝဋ်ကြွေးပါ...

သစ္စာမှန်လျှင် နွယ် ပင်ဆေးဝင်သော်ငြား

ပညာအား မရှိတဲ့ယောကျာင်္းကို ချစ်သူရဲ့

ပတ်ဝန်းကျင် အမြင်ကြည်လင်မှာလား…

ရင်ဆိုင်ရမဲ့ လောကဒဏ်၊နွားလိုရုန်းလို့

ခါးကုန်းပါစေ လက်မလျှော့ဘူး..

တက်ကျိုးရင်လက်ထိုးလို့လှော်လိုက်မယ်..

နင်သာလျှင် ငါ့ဘက်မှာရှိစေ…….

BRAVEATTACKER(3/6/2012 at 2:53PM)

Friday, July 6, 2012

ချစ်တဲ့သခင်


ကံကြမ္မာဇာတ်ထုတ် ကြံလာပါငါ့သရုပ်ကို
အဲလိုနေအဲလိုစားအော်ဒါခေါ်အမိန့်များနဲ့
နင့်ကိုလေချစ်သွားရင် မရဏယာဉ်နဲ့
သေမင်းပင် ခုလာခေါ်အုံးအပြုံးမပျက် လိုက်ခဲ့ မယ်။
နင့်အကြောင်းတွေးလိုက်တိုင်း စာဖွဲ့ လို့ ပြောချင်ငြား
ရူပကငါမသိ။ဥပမာငါမရေး။အတိတ်သယငါမကြံ
အတိတ်ဘ၀ဖန် အကြောင်းကံကြောင့်လား
 မြည်သံတော့ ကြားတယ် ဘယ်ရင်အုံနားက
တဒုတ်ဒုတ်နဲ့ ရထားခုတ်သံအလား။
အကြံအဖန်မပါ အမှန်သာပြောပါရစေ  ကလေးကလား စာသားလေးနဲ့
ဘေးနားကလူတွေရယ်စေအုံးတော့
နာမ်စားနဲ့ကြိယာပေါင်းစပ်ကာပြောလိုက်မယ်
နင့်ကိုချစ်တယ်….လို့
ရွှေသည်သာ စိန်ဖြင့်တင့်သည်မို့
စိန်သားရောင် ၀င်းပြောင်စေဖို့ ရာ
ဒီအမောင်မစွမ်းသာပြီမို့
မျက်ထားတော်မညိုလိုက်ပါနဲ့
ကလေးလေးရေ….နင့်အတွက်ပါ…..
ချစ်လျှက်ပင် မပစ်ရက်ချင်ပါရင်လဲ
စစ်မထွက်ခင်မြှားကုန်တတ်တဲ့
 ငမိုက်သားလူ့သုံ့ပန်းကို ထမ်းပိုးလို့ မခေါ်နဲ့
လမ်းဆိုးရဲ့တနေရာ ပစ်ကာသာထားခဲ့ ပါတော့
ချစ်တဲ့ သခင်…..

                Braveattacker   (at…12:32am)
                                      30.5.2012

Wednesday, July 4, 2012

သူငယ်ချင်းမှအမှတ်တရ


သူငယ်ချင်း…..
ကောင်းကင်ထက်မှာ သူရိန်မင်း
ထွန်းလင်းလို့ ထာဝစဉ်
သူ့အပြိုင် ငွေသော်တာ
ခြွေတာရာဖေါ်တသင်းနဲ့
ကောင်းကင်ယံထက်ကို အလှဆင်ခဲ့ပြီ….
အဏ္ဏ၀ါပင်လယ်ပြာမှာလဲ
မုတ်သုန်ကို အဖေါ်ပြုလို့
လှိုင်းကြက်ခွတ်လေးတွေဟာ
လွန့်လူးလို့ နေရှာကြတယ်…
ပနာတင့်လှတဲ့ ကောင်းကင်မြင့်က
သူရိန်မင်းကြီးဟာ
မဟာဆန်ပင်လယ်ပြာဆီကို
ဆည်းဆာချိန်တိုင်း အလည်သွားဆဲပါ…
[သူ့ဂုဏ်ပုဒ် မာနသရုပ်ကို ဘာကြောင့်များ
ပဓာနမထားတာလဲ…..]
ငှက်ကြေးတမာလေး တတွေ
ပင်ကိုင်းဖျားထက်ဆီမှာ
 သာယာဖွယ်တေးသီကျူးလို့
အာရုံမိုးသောက်ယံကို ပနံတင့်စေတယ်…
သူ့အပြိုင်ပျားပိတုန်းလေးတွေ
အုပ်စုဖွဲ့လို့ ၀တ်ရည်လုခဲ့ကြပြီ
ရွှေဝါရောင် စပါးခင်းကြီးကလည်း
နေမင်းကိုအဖေါ်ပြုလို့
လေရူးနဲ့ ကြည်ဆယ်ရင်း ယိမ်းနွဲ့လို့ ကကြရှာတယ်…
တေးသီကောင်းတဲ့ ကျေးတမာအပေါင်းဟာ
နေ့စဉ်ပါ စပါးတောဆီကို ခစားလို့ရောက်ခဲ့ပြီ….
[သူ့ဂုဏ်ပုဒ် တေးသီမှုကို ဘာကြောင့်များ
ခ၀ါချရတာလဲ…..]
သူငယ်ချင်း
စိန်စီလို့မြချယ် နင့်ဘ၀ရဲ့ အလယ်မှာ
ဂုဏ်ရောင်ပြောင်စေဖို့
ပညာကိုအရောင်တင် နေတာ
တင့်တယ်လှပါတယ်ဟာ….
ဘိုးဘွား မိဘအပေါင်းကလည်း
နင့်အကြောင်း ထပ်ပေါင်းလို့
လောင်းကြမယ် အရှုံးမရှိပြီ….
မြို့စွန်တောစုတ် ဇနပုတ်က
ကုတ်ချောင်းချောင်း လူ့ငပေ
ဝေလေလေ ကျေးတောသား  ငါ…
Old ဘရန်ဒီဆိုဝေလာဝေး
ဝီစကီကိုမတတ်နိုင်လို့ ခပ်မှိုင်မှိုင်နေရတာ
မွေးကတည်းကပါ…
သူရိန်မင်းလို[ပညာ]၀င်းထိန်;သရဖီလို[ဘ၀]အေးမြ
ကျေးတမာလိုမိတ်ဆွေပေါ;စပါးတောက လိုရာသုံး
အပြုံးတွေ ကဋေကဋာနဲ့ ဘယ်အတွက်ကြောင့်
ငါ့ကိုမှ ခင်ရတာလဲ……
[နင့်ဂုဏ်ပုဒ် ပညာသဘောကို ဘာကြောင့်များ
ချောင်မှာထားရတာလဲ] 

Braveattacker..  at  2:30am[3/25/2012]